ဖျာပုံမြို့၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

ဖျာပုံ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆုံးရှုံးမှု လျော့နည်းစေရေး လာရောက်ကြီးကြပ်ကွပ်ကဲဆောင်ရွက်နေသော အနောက်တောင် တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် ဖျာပုံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်တွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံခရှိင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ခရိုင်အတွင်းရှိ မြို့နယ်အလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့မှ ဖျာပုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်မာစိုး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လေး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းပပကျော် တို့မှ လုံခြုံရေးကိစ္စ စီမံဆောင်ရွက်ရှိမှုများ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဌာနအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆေးနှင့်ဆေးဝါးအသုံးအဆောင်များ ကြိုတင်ဆောင်ရွက်ထားရှိမှုများအား အသီးသီးဆွေးနွေးတင်ပြကြရာ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်မှ နိဂုံးချုပ်အမှာ စကား ပြောကြားကာ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)