မြိတ် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်ဆေးစက်(၂)လုံးဖြင့် ကျောက်ကပ်ရောဂါ ဝေဒနာရှင်များအား ကျောက်ကပ်ဆေး ဝန်ဆောင်မှုကို အထူးကုဆရာဝန်ကြီးများ၏ ကျောက်ကပ် စမ်းသပ် စစ်ဆေး ကုသလမ်းညွှန်မှုများအတိုင်း စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
“ ဝန်ကြီးဌာနရဲ့ပံ့ပိုးမှု၊ တိုင်းဒေသကြီးအစိုးရရဲ့လမ်းညွှန်မှုအရ ဒေသခံအလှူရှင်များလှူဒါန်းတဲ့ ကျောက် ကပ်ဆေးစက်(၂)လုံးနဲ့ မြိတ်ပြည်သူ့ဆေးရုံမှာ ကျောက်ကပ်ဆေးဝန်ဆောင်မှု စတင်ပေးနေပြီဖြစ်ပါတယ်။ တစ် ပတ်ကို(၅)ရက် ဆောင်ရွက်ပေးပါ့မယ်။ အလှူရှင်တွေ ကျောက်ကပ်ဆေးစက် ထပ်မံလှူဒါန်းလာပါက တိုးချဲ့ဝန် ဆောင်မှုပေးသွားမှာပါတယ်” ဟု ဆေးရုံအုပ် က ပြောသည်။
ပြည်သူ့ဆေးရုံအတွင်းရှိ တိုးချဲ့လူနာဆောင်ကို ပြုပြင်မွမ်းမံ၍ စေတနာရှင် အလှူရှင် လှူဒါန်းသည့် ကျောက်ကပ်ဆေးစက်(၂)လုံးနှင့် ရေသန့်စက်(၁)လုံးဖြင့် ကျောက်ကပ်ဆေးဝန်ဆောင်မှုကို မေ(၁၁)ရက်မှ စတင် ကာ ပြည်သူ့ဆေးရုံကြီးစီမံအဖွဲ့၊ အထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများဖြင့် ဝေဒနာရှင်တစ်ဦးအား ကျောက်ကပ်ဆေးခြင်းစတင်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူလူထု၏ ကျောက်ကပ်နှင့် သက်ဆိုင်သည့် ရောဂါဝေဒနာများကို ကြည့်ရှု စစ်ဆေးကုသပေးမည့် ကျောက်ကပ်သန့်စင်ခန်း အလျား(၈၃)ပေ၊ အနံ(၃၅)ပေ RC တစ်ထပ် အဆောက်အဦတည် ဆောက်ရန် စေတနာရှင် အလှူရှင်များမှ မတည်အလှူငွေများ ကျပ်သိန်း(၉၀၀)လှူဒါန်းထားရှိပြီး အဆိုပါ အဆောက်အဦသည် ကျပ်သိန်း(၂၀၀၀)ခန့်ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ အဆောက်အဦတည်ဆောက်ရန် ကျန်းမာ ရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ပြည်သူ့ဆေးရုံ ကျောက်ကပ်သန့်စင်ခန်း အဆောက်အဦ တည်ဆောက် ရေးကော်မတီမှ သိရသည်။
မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထု၏ ကျောက်ကပ်နှင့် သက်ဆိုင်သည့် ရောဂါဝေဒနာများကို လက်ရှိအချိန်တွင် ပြည်သူ့ဆေးရုံအတွင်းရှိ အဆောင်တွင် ကျောက်ကပ်ဆေးစက်(၂)လုံးဖြင့် ကျောက်ကပ်ရောဂါ ဝေဒနာရှင်များအား ကျောက်ကပ်ဆေး ဝန်ဆောင်မှုကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မကြာမီ တည်ဆောက်မည့် ကျောက်ကပ်သန့်စင် စင်တာအဆောက်အဦ တည်ဆောက်ပြီးပါက ယခုထက်ပိုမို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)