ဒေးဒရဲမြို့နယ်ရှိ ကျေးရွာများတွင် (၅) ဂါလံဆန့် ပလပ်စတစ်ပုံးများနှင့် အသက်ကယ်အင်္ကျီ ဝတ်ဆင်အသုံးပြုနည်းများ သရုပ်ပြသ

 ဒေးဒရဲ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ ​ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေကြီးရေလျှံမှုများကြောင့် ဘေးအန္တရာယ်ကြုံတွေ့လာပါက အလွယ်တကူအသုံးပြုနိုင်ရန် (၅) ဂါလံဆန့် ပလပ်စတစ်ပုံးများနှင့် အသက်ကယ်အင်္ကျီများ အသုံးပြုနည်းများကို ​ယနေ့နံနက် (၉) နာရီက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုဖြစ်ပွားလျက်ရှိသော မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်သဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်၊ ချောင်းများတစ်လျှောက် နေထိုင်ကြသူများ၊ ရေလုပ်ငန်း လုပ်ကိုင်နေသူ များအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက မိမိတို့အိမ်၌ အလွယ်တကူအသုံးပြုနိုင်ရန် (၅) ဂါလံဆန့် ပလပ်စတစ် ပုံးများနှင့် သက်ကယ်အင်္ကျီများ အိမ်တိုင်းဆောင်ထားရန် အသိပညာပေးဟောပြောခဲ့ပြီး အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ်ဆင်အသုံးပြုနည်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်များကို ပြည်သူများ သိရှိနိုင်စေရန် အချိန်နှင့်တပြေးညီထုတ်လွှင့်ပေးခြင်း၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျေးရွာများ အရောက် ဟောပြောဆွေးနွေးခြင်းနှင့် သဘာဝဘေးဖြစ်ပွားလာပါက အချိန်မီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ် ရေး တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင် ပြင်ဆင်စုဖွဲ့ထားရှိကြောင်း သိရသည်။

အေဇာလင်း