ကျောင်းကုန်း မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောက်လုပ် ပေးထားသော သဲကုန်အုပ်စု၊ သဲကုန်ကျေးရွာရှိ Animal Safe Land & Shetter အဆောက်အအုံ၏ အမိုးသွပ်ပြား များ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့်အမိုးသွပ်ပြား အချပ်(၃၀)၊ ကာလတန်ဖိုးငွေကျပ် (၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရ သည်။
ထို့နောက် ယမန်နေ့ ညနေ ၄ နာရီ ၂၅ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လှေကွဲလဟာအုပ်စု၊ ကျွန်းချောင်းကျေးရွာတွင် နေအိမ်(၁)လုံး အမိုးလန်၊ မကျီးပင်ကွင်းအုပ်စု၊ ဘုရားငူကျေးရွာတွင် နေအိမ်(၁)လုံး ပြို၊ ရွာသစ်ကုန်းကျေးရွာတွင် နေအိမ်(၁)လုံးအမိုးလန်၊ ရွာသာကုန်းအုပ်စု၊ ရွာသာကုန်းကျေးရွာတွင် နေအိမ်(၁)လုံး ပြို၊ (၁)လုံး အမိုးလန်သဖြင့် ကာလတန်ဖိုးငွေကျပ်(၄)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး တက်ဆိပ်အုပ်စု၊ ညောင်အိုင် ကျေးရွာရှိ အ.ထ.က(ညောင်အိုင်)၏ ကျောင်းဆိုင်းဘုတ် ကွန်ပိုးစစ်ပြား တစ်ခြမ်းပဲ့ကျခြင်းနှင့် နှစ်ထပ် ဆောင် လှေကားအတက်အဆင်း၏ မျက်နှာကြက်ပြား(၁၇)ချပ် ကွာကျခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ကာလတန်ဖိုးငွေကျပ် (၂)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရာ စုစုပေါင်းငွေကျပ် (၁၆)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ ပထမအကြိမ်အဖြစ် မေလ ၁၀ ရက်နေ့က လေပြင်းတိုင်ခတ်မှုကြောင့် နေအိမ်(၆)လုံးပြို၊ နေအိမ်(၁၇)လုံး အမိုးလန်ပျက်စီးခဲ့ရာ ငွေကျပ်(၃၁)သိန်းခန့် ဆုံးရှုံးခဲ့ရပြီး ယခု ဒုတိယအကြိမ်အဖြစ် မေလ ၁၁ နေ့တွင် နေအိမ်(၂)လုံးပြိုကာ နေအိမ်(၃)လုံး၊ Animal Safe Land & Shetter တစ်ခုနှင့် အ.ထ.ကကျောင်းတို့ အမိုးလန်ခဲ့ရာ (၂)ရက်အတွင်း ငွေကျပ် (၄၇)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)