မြိတ် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးဦးကျကာလနှင့် မုန်တိုင်းအန္တရာယ်တို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် သစ်ပင်များလဲပြို အန္တရာယ်မဖြစ်စေရေးအတွက် ယနေ့ နံနက် (၁၀) နာရီက ကန်ဖျားရပ်ကွက် ပိတောက်ပင် လမ်းဆုံအနီးရှိ သစ်ပင်အကိုင်းအခက်များအား တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သစ်ပင်ကြီး အကိုင်းအခက်များနှင့် လမ်းမပေါ်ထိုးထွက်နေသည့် အကိုင်းအခက်များအား ကရိန်းမော်တော်ယာဉ်ဖြင့် တက်ရောက်ကာ ဓားဖြင့်ခုတ်ထွင် ရှင်းလင်း၍ စည်ပင်သာယာရေး အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းဆောင်ရွက်ပေးခဲ့သည်။
သစ်ပင်အကိုင်အခက်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးတို့က ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး