ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ပန်းတနော် မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းမြင့်နှင့် တာဝန်ရှိ သူများသည် ယမန်နေ့ နေ့လယ်ပိုင်းက ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု စာဖြူစုကျေးရွာတွင် ​သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများသို့ သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးအုန်းမြင့်သည် ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများ၊ ယာယီခိုလှုံနိုင်ရန် နေရာများစီစဉ်ထားရှိ မှုများ၊ စားနပ်ရိက္ခာစုဆောင်းထားရှိမှု၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအတွက် အသင့်စုဆောင်းထားရှိမှု အခြေအနေများ အား မေးမြန်းခဲ့ရာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်၊ မုန်တိုင်း​ဘေးအန္တရာယ် ကြုံတွေ့နိုင်သော ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန် ဆောင် မိခင်များအား ယာယီခိုလှုံနိုင်ရေးစခန်းများသို့ ကြိုတင်ပြောင်းရွေ့ကြရန် မှာကြားခဲ့သည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)