ကျွန်းစု မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မုန်တိုင်းသတိပေးနှိုးဆော်ခြင်းနှင့် ရေဘေးကယ်ဆယ်ရေး သရုပ်ပြခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်း(ခွဲ) စခန်းသစ်ကျေးရွာ၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းကိုနိုင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးတို့က မုန်တိုင်းကာလအတွင်း ကြိုတင်ပြင်ဆင်ရမည့် ဆောင်ရန်၊ ရှောင်ရန်များကို သတိပေးနှိုးဆော်ခဲ့ပြီး (၅)ဂါလန် ပလပ်စတစ်တစ်ပုံးသည် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် မိသားစုဝင်များအတွက် သောက်ရေသန့်များ ကြိုတင်ဖြည့်တင်း စုဆောင်းထားနိုင်သကဲ့သို့ ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကျရောက်လာပါက လူတစ်ဦး၏အသက်ကို ကောင်းစွာကယ်တင်နိုင်သဖြင့် ကျေးရွာများရှိ နေအိမ်တိုင်းတွင် အသင့်ကြိုတင်ပြင်ဆင်ထားရှိကြရန် လိုအပ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ဆိပ်ကမ်းအနီး ရေပြင်၌ လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။
ထက်မြင့်