ပေါင်းတည်၌ စျေးကွက်အတွင်းရှိစားသုံးကုန်များနှင့်ဆေးဝါးများအား တာဝန်ရှိအဖွဲ့များ ​လိုက်လံကြည့်ရှုစစ်ဆေး

ပေါင်းတည် မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသောစားသုံးကုန်ပစ္စည်းများအား ကုန်ညွှန်းအမှတ်ပြည့်စုံမှန်ကန်ရေး တာဝန်ရှိအဖွဲ့များက ယနေ့ နံနက် ၉နာရီက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသည် စျေးကွက်အတွင်းတွင် စားသုံးသူပြည်သူများသို့ ရောင်းချလျက်ရှိသော စားသုံးကုန်ပစ္စည်းများနှင့်ဆေးဝါးများ၏ ကုန်ညွှန်းအမှတ် ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊ စျေးကွက်အတွင်းရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများ၌ စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာစာရေးသားထားရှိမှု ရှိ/ မရှိ၊ ထုတ်ကုန်များသည် စားသုံးသူများအတွက် လုံခြုံမှု ရှိ/ မရှိကို စျေးကွက်အတွင်း စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းထံမှ သိရသည်။

ယင်းကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိ၊ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)