အထက်မင်းလှ မေ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များကို ယမန်နေ့ညနေ ၅ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များအတွင်း၌ လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာ၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်နှင့်သတိပြုနေထိုင်ရန်၊ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ မုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန် ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုပြင်ဆင်မှုများဖြင့် သသတိပြုနေထိုင်ကြပါရန်စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခဲ့သည်။
မင်းလှမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်များကို ကျေးရွာများတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)