ဆင်ပေါင်ဝဲ မေ ၁၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းအများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း ဆိုင်းဘုတ်စိုက်ထူပွဲ ယမန်နေ့ နေ့လယ်ပိုင်းက မြို့မစျေးနှင့် မြို့အဝင်ဂိတ်များတွင် စိုက်ထူခဲ့သည်။
ထိုသို့ ထုတ်ပြန်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် CRPH/NUG နှင့် NLD အစွန်းရောက် PDF အဖွဲ့များအား ဥပဒေမဲ့ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း လက်ရှိအချိန်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အတူတကွပူးပေါင်း ဆောင်ရွက်ကြရမည့် အချိန်အခါဖြစ်ပါကြောင်း၊ ၎င်းကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်း ရောက်ရှိနေသူများ၊ ဥပဒေပြင်ပရှိ အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်နှင့် ယင်းတို့ ဝင်ရောက်လာပါက လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်နက်/ခဲယမ်း ပါရှိလာသူများကို အောက်ပါအတိုင်း ဆုကြေးငွေ ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ ရိုင်ဖယ်အုပ်စုဝင် သေနတ်(၁)လက်ပါရှိပါက ကျပ်(၅၀)သိန်း၊ ပစ္စတို အုပ်စုဝင်သေနက်(၁)လက်ပါရှိပါကကျပ်(၂၀)သိန်း၊ ပြောင်းချောသေနက်(၁)လက်ပါရှိပါက ကျပ်(၃၀) သိန်း၊ စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီ ကဲ့သို့သော လက်နက်များပါရှိပါက ကျပ်(၇၅)သိန်း၊ လက်လုပ် ပြောင်းချောသေနတ် လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် (၁) လက်ပါရှိပါက ကျပ်(၅)သိန်း၊ လက်လုပ်မိုင်း၊ လက်ပစ်ဗုံးများ ပါရှိပါက ကျပ်(၃)သိန်း၊ လက်နက်/ခဲယမ်းမှအပ အခြားအသုံးအဆောင်ပစ္စည်း (ဥပမာ- စကားပြောစက်) ပါရှိပါက ကျပ်(၂)သိန်း၊ ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁)စင်းပါရှိပါက ကျပ်(၅၀)သိန်း၊ သို့ဖြစ်ပါ၍ ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လာသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပို့၍ ဝင်ရောက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇော်ဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မြင့်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေတို့က ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)