ကော့သောင်း ၊ အောက်တိုဘာ ၆
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်တချို့မှ အခြေခံလူတန်းစား မိသားစုများ အခက်အခဲများ တစ်စိတ်တစ်ဒေသအဆင်ပြေစေရေး ယမန်နေ့မွန်းလွဲပိုင်းက အေးရိပ်ငြိမ် ရပ်ကွက်ပြည်သူများအား ဟင်းစားငါးနှင့် နှာခေါင်းစည်းများ လိုက်လံထောက်ပံ့လှူဒါန်းလျှက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါပရဟိတ အဖွဲ့ဝင်များက ကော့သောင်းမြို့၏ ကမ်းနီး၊ကမ်းဝေးငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းဖုန်း အရောင်းဆိုင်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်းလှူဒါန်းကူညီမှုဖြင့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများမှ အခြေခံလူတန်းစားမိသားစုများ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ် ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးအသိ သတိဖြင့် နေထိုင်ကြရေး၊မလိုအပ်ပါက အိမ်ပြင်သို့ မထွက်ကြဘဲ မိမိအိမ်တွင်နေထိုင်ကြရေး၊ မဖြစ်မနေအပြင်ထွက်ပါကနှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးကြရန် လိုက်လံနှိုးဆော် အသိပညာပေးကာ နှာခေါင်းစည်းများအားလူတစ်ဦးခြင်းစီသို့ ဝေငှလှူဒါန်းပေးခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)