ပွင့်ဖြူမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူများအား မော်တော်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်

ပွင့်ဖြူ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာနိုင်သဖြင့် မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ပြည်သူများ သတင်းမှန်သိရှိစေရေး၊ မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်နိုင်သည့် မိုးကြီးပြီး ရေကြီးရေလျှံဖြစ်စေခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျ/လဲကျခြင်း၊ လူနေအိမ်များ ထိခိုက်ပျက်စီးခြင်းနှင့် အခြား အင်းစက်ရောဂါ ပိုးမွှားအန္တရာယ်များ ကျရောက်ခြင်း၊ အဆိပ်ရှိ သတ္တဝါများ အန္တရာယ်ဖြစ်စေခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်‌တားဆီးရေး ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းနှင့် ပတ်သက်ပြီး နေ့စဉ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုသိရှိနိုင်ရေး ဆောင်ရွက်နေမှုများကို မြို့ပေါ် ရပ်ကွက်(၄) ရပ်ကွက်နှင့် ‌ကုန်းဇောင်းကျေးရွာ၊ လယ်ကိုင်းကျေးရွာ၊ ကျောင်းတော်ရာကျေးရွာများသို့ သွားရောက်၍ လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး ကြုံတွေ့နိုင်သည့် သဘာဝဘေးအန္တရာယ်အား ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ သိရှိလိုက်နာနိုင်ရေး ယခုကဲ့သို့ မော်တော်ယာဉ်ဖြင့် လိုက်လံသတိပေး နှိုးဆော်ဆောင်ရွက်လျက်ရှိသည့်အပြင် သက်ဆိုင်ရာ နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေး နှိုးဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်သွယ်အကူအညီ တောင်းခံနိုင်ရန် မြိုနယ်မီးသတ်ဦးစီးဌာန အရေးပေါ် ဖုန်းနံပါတ် ၁၉၁ နှင့် ရုံးဂျူတီဖုန်း ၀၆-၂၀၆၀၃၀၂ သို့ ချက်ချင်းသတင်းပို့ ဆက်သွယ်အကူအညီရယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်း‌နောင်ထံမှ သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)