နတ်တလင်း မေ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မေလဒုတိယပတ်အတွင်း ဖြစ်ပေါ်လာနိုင်သော ဆိုင်ကလုန်းမုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့မှစတင်၍ တာဝန်ရှိသူများကရပ်ကွက်၊ ကျေးရွာများအတွင်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသတိပေးချက် အသိပညာပေးနှိုးဆော်ရာတွင် ရပ်ကွက်/ ကျေးရွာနေပြည်သူများအနေဖြင့် မေလ ၈ရက်နေ့မှစ၍ ၁၁ရက်နေ့အထိ တစ်နာရီလျှင်၁၂၅မိုင်ခန့်အထိတိုက်ခတ်နိုင်သည့် အားကောင်းသည့်ဆိုင်ကလုန်းမုန်တိုင်းကို ကြိုတက်ကာကွယ်ပြင်ဆင်သတိပြုနိုင်စေရေးအတွက် မိုးလေဝသနှင့်ဇလဗေဒဌာနမှ ထုတ်ပြန်ထားသော သတင်းအချက်အလက်အရ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် မိဘပြည်သူများမှ အရေးကြီးစာရွက်စာတမ်းများ၊ ဆေးဝါးများ၊ ရေနှင့်အစားအသောက်များ ကြိုတင်သိမ်းဆည်းစုဆောင်းထားကြရန်၊ မိမိတို့၏နေအိမ်များကို ခိုင်ခန့်အောင်ပြုပြင်ထားကြရန်(သို့မဟုတ်)ခိုင်ခန့်သော အဆောက်အဦးများသို့ ပြောင်းရွှေ့နေထိုင်ကြရန်၊ မြစ်၊ ချောင်းအနီးတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ကုန်းတွင်းပိုင်းတွင်ရှိသော ခိုင်ခန့်သောအဆောက်အဦးများသို့ ကြိုတင်ပြောင်းရွှေ့နေထိုင်ကြရန်နှင့် မိုးလေဝသသတင်းများအား စဥ်ဆက်မပြတ်နားထောင်ကြရန် ကြိုတင်သတိပေးနှိုးဆော်ထားကြကြောင်း သိရသည်။
ထားထားဦး(ပြန်/ ဆက်)