ဝေါ မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဝေါမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ ကောင်းမွန် အသင့်ရှိ/ မရှိအား ပဲခူးခရိုင်မီးသတ်ဦးစီးဌာနမှ လတ်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူရဟန် နှင့်အဖွဲ့ဝင်များ ဝေါမြို့နယ် ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးဇော်သန်းတို့မှ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက ပဲခူးခရိုင်မီးသတ်ဦးစီးဌာနမှ လတ်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူရဟန်က ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ယာဥ်/ စက်များ ကြံ့ခိုင်မှုအပတ်စဥ် စစ်ဆေးဆောင်ရွက်ထားရှိရန်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အသုံးပြုနည်းများ၊ လက်တွေ့လေ့ကျင့်ဆောင်ရွက်ထားရှိရန်၊ စက်သုံးဆီရရှိစေရေးညှိနှိုင်းဆောင်ရွက်ထားရှိရန်၊ ရိက္ခာခြောက်များအား (၂) ပတ်စာကြိုတင်စုဆောင်းထားရှိရန်၊ အရေးပေါ်ဖြစ်ပွားချိန်တွင် အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းက ဝေါမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အလျှင်အမြန်ဆောင်ရွက်နိုင်ရန်၊ ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေး ဆောင်ရွက်ထားမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ ဆက်)