ဒိုက်ဦး မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့်အဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၃) ဒိုက်ဦးမြို့မှ ခေတ္တစိတ်မှူး ဒုရဲအုပ် ဇော်မင်းထက် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၊ မြို့အဝင်ကားဂိတ်များ၌သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်များတွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဥ် သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဥ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်းဖြစ်ပေါ်ပါက သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခက်ပြီးနောက် ဆောင်ရွက်ရန်အချက်များ၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်ကာကွယ်ရန်အချက်များနှင့် လျှပ်စီးလက်ခြင်းဖြစ်ပွားပြီးနောက် လိုက်နာရန်အချက်များနှင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့်အချက်များပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)