ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မေ ၁၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းသို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းရွှေက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လူသုံးကုန်ပစ္စည်းများ မြို့နယ်အလိုက် ဖြန့်ခွဲထားရှိမှု အခြေအနေများနှင့် သိုလှောင်ရုံအတွင်း လူသုံးကုန်ပစ္စည်းများ စနစ်တကျ သိုလှောင်သိမ်းဆည်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ် ဖြစ်ပွားသည့် နေရာဒေသသို့ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ မဖြစ် မနေလိုအပ်သည့် ဆေးဝါး၊ အဝတ်အထည်၊ ရိက္ခာခြောက်များ ထပ်မံဖြည့်ဆည်းဆောင်ရွက်ထားရန်နှင့် သီးခြား လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန် လမ်းညွှန်မှာကြားခဲ့ပြီး သိုလှောင်ရုံအတွင်း စနစ်တကျ သိမ်းဆည်းထားသည့် လူသုံးကုန်ပစ္စည်းများ၊ ပို့ဆောင်ရေး စက်တပ်လှေနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။

 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ မိမိတို့နယ်မြေ ဒေသတွင်သာမက အခြားနယ်မြေ ဒေသများသို့လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လူနှင့် စက်၊ ယာဉ်၊ ယန္တရားများ အသင့်စုဖွဲ့ထားရှိရန်၊ ကြိုတင်ဇာတ်တိုက်လေ့ကျင်ခြင်း များ ဆောင်ရွက်ထားရန်၊ သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ပြည်သူများအား မုန်တိုင်းဒဏ်ခံအဆောက်အဦသို့ အချိန်မီရောက်ရှိစေရေး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ မပျက်စီးစေရေး အားလုံး ပူးပေါင်းကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

 ဆက်လက်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင်မှု၊ ကူညီရှာဖွေကယ်ဆယ်ရေး အထောက် အကူပြုပစ္စည်းများ စက်/ယာဉ်/ယန္တရားများ အသင့်စုဖွဲ့ထားရှိမှု၊ လူမှုရေးကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် ကြိုတင်ချိတ်ဆက် ဆောင်ရွက်ထားရှိမှု အခြေအနေများ လိုက်လံရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကြက်ခြေနီနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဒေသခံပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ မပျက်စီးစေရေး ကြိုတင်ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကူညီကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီများ ဖွဲ့စည်းထားရှိပြီး မြို့နယ်အလိုက် စားရေရိက္ခာ အပါအဝင် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ ကူညီကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်များ ကြိုတင်ဖြန့်ခွဲထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)