မုံရွာ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် တမာ၊ ဝါး စိုက်ပျိုးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း လယ်ယာ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စုစုပေါင်း မြေဧရိယာဧက ၂၃၁ သိန်းကျော်ရှိသည့်အနက် အသားတင် စိုက်ပျိုးမြေ ၄၅.၆ သိန်းကျော်ရှိပြီး သီးထပ်၊ သီးညှပ် ဧကသိန်း ၉၀ ခန့် စိုက်ပျိုးလျက်ရှိပါ ကြောင်း၊ သီးနှံမျိုးစုံစိုက်ပျိုးနေသည့် တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားကို မြှင့်တင်နိုင်ရေးအတွက် လျာထားဧက ပြည့်မီအောင် စိုက်ပျိုးရေး၊ စိုက်ပျိုးသည့်သီးနှံများ၏ ပန်းတိုင်အထွက်နှုန်း ရရှိအောင်ကြိုးပမ်းဆောင်ရွက်ရေးနှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် စိုက်ပျိုးမြေ ဧရိယာအသုံးချမှုတိုးတက်ရေး၊ စိုက်ပျိုးသီးနှံများ၏ တစ်ဧကထုတ်လုပ်မှု စွမ်းအား တိုးတက်ရေးနှင့် တောင်သူများဝင်ငွေ တိုးတက်ရေးအတွက် သီးထပ်စိုက်ဧရိယာတိုးတက်ရေး ကိုလည်း တွန်းအားပေးဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်သည့်နေရာတွင် ဒေသနှင့်ကိုက်ညီသည့် သီးနှံများအား တစ်နှစ်သုံးသီး၊ သီးထပ်စိုက်ပျိုး နိုင်ရေး နည်းပညာပေးခြင်း၊ သီးထပ်စိုက်ပျိုးနိုင်မည့် သီးနှံပုံစံများ ရေးဆွဲပေးခြင်းနှင့် လိုအပ်သည့်စိုက်ပျိုးနည်းစနစ် များကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးစွမ်းအား မြှင့်တင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် စိုက်ပျိုးပြည်သူများ အားလုံးပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားလိုပါ ကြောင်း၊ စိမ်းလန်းစိုပြေရေးနှင့် သစ်တောပြုစုထိန်းသိမ်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သစ်ပင်စိုက်ပျိုးရေးအား အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် စီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် သစ်တောပြုန်းတီးမှုများအား Recovery ဖြစ်လာစေရန် သစ်ပင်စိုက်ပျိုးသွားရန်၊ ကြီးမြန်သစ်နှင့် ရတနာတန်း ဝင်သစ်များကို ဦးစားပေးစိုက်ပျိုးသွားရန် လမ်းညွှန်မှာကြား ထားပြီးဖြစ်ပါကြောင်း၊ သစ်ပင်များစိုက်ပျိုးခြင်း အားဖြင့် တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အရိပ်အာဝါသ ရရှိခြင်း၊ ဒေသခံပြည်သူများ၏ အခြေခံသုံးလိုအပ်ချက်များအား ဖြည့်ဆည်းပေး နိုင်ခြင်း၊ ဒေသခံပြည်သူများမှ သစ်ပင်စိုက်ပျိုးရေး အသိစိတ်ဓာတ်ရှင်သန်နိုးကြားလာစေခြင်းစသည့် အကျိုးကျေးဇူးများ အား ရရှိစေမှာဖြစ်ပါကြောင်း၊ တမာနှင့် ဝါးစိုက်ပျိုးရေးအား သက်ဆိုင်ရာခရိုင်များ၊ မြို့နယ်များ အလိုက် ဌာနဆိုင်ရာများ၊ ဒေသခံ ကျေးရွာများနှင့် ပူးပေါင်း၍ စိုက်ခင်းအသွင်ဖြင့်လည်းကောင်း၊ တစ်အုပ်တမ အသွင်ဖြင့်လည်းကောင်း၊ လမ်းဘေးဝဲယာ စိမ်းလန်း စိုပြည်ရေး အပင်တန်းအနေဖြင့်လည်းကောင်း စိုက်ပျိုးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်ဦး၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ၊ တိုင်းဒေသကြီး အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းလွင်တို့က တိုင်းဒေသကြီးအတွင်း လာမည့်မိုးရာသီတွင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး၊ တမာနှင့် ဝါးစိုက်ပျိုး ရေးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီ အမံများအား Power Point ဖြင့် အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ် များတွင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး၊ တမာနှင့်ဝါးစိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီးရှင်း လင်းတင်ပြကြပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး၊ တမာနှင့် ဝါးစိုက်ပျိုးရေး လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုး စွမ်းအားမြှင့်တင်ရေး၊ တမာနှင့် ဝါးစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး အကြံပြုဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)