ရေကြည် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း မုန်တိုင်းဘေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ သွားရောက်ကူညီကယ်ဆယ်နိုင်ရေးအတွက် ရေကြည်မြို့နယ် မီးသတ်စခန်းမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန့်က မြို့နယ်မီးသတ်စခန်းရှေ့တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဘေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ နယ်မြေခံမီးသတ်စခန်းများအလိုက် တပ်ဖွဲ့ဝင်များ၊ စက်ယန္တရားများဖြင့် အရန်သင့်ဖွဲ့စည်းထား ရှိကြောင်း၊ မုန်းတိုင်းဘေးအန္တရာယ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ညွှန်ကြားချက်များနှင့်အညီ ဘေးအန္တရာယ်မဖြစ်ပွားမီ သတိပေးခြင်းများ ဆောင်ရွက်ပြီး ဖြစ်ပွားချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းသွားရောက် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ဖြစ်ပွားပြီး ပါကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် သဘာဝဘေးနှင့် ပတ်သက်၍ အရေးပေါ်ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်မည့် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ကြေညာပေးထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)