ပွင့်ဖြူ၌ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်း ဆောင်ရွက်

ပွင့်ဖြူ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် မြို့တွင်း၊ မြို့ပြင် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မေလ ၁၀ ရက်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေး(ဝဲ၊ ယာ) ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေး(ဝဲ၊ ယာ) ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းအတွင်းရှိ အမှိုက်သရိုက်များ၊ သဲနုန်းနှင့် ရွှံ့နွံများကို စနစ်တကျ ဆယ်ယူရှင်းလင်းခြင်း၊ ကားလမ်းမကြီးဘေး (ဝဲ၊ ယာ)ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်းလုပ်ငန်းများကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် ဒေသခံပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကင်းဝေးစေရန် ရည်ရွယ်၍ နေ့စဉ် မြို့တွင်း၊ မြိုပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ မြို့ပတ်ဝန်းကျင် သာယာစိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားသည့် ပန်းအလှပင်များ ရေဖျန်းခြင်း/ရေလောင်းခြင်း၊ ပန်းအလှပင်များ ပြူစုပျိုးထောင်၍ အကောင်အထည်ဖော် စိုက်ပျိုးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ သန့်ရှင်းသပ်ရပ်စေရေး သန့်ရှင်းရေးပြုလုပ်ခြင်း၊  အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များ သိမ်းဆည်းပေးခြင်း၊ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်သူများ စိတ်အပန်းဖြေရာ ပွင့်မာလာပန်းခြံအား သာယာစိမ်းလန်းစိုပြည်စေရေး သန့်ရှင်းရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်း စသည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် လုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)