နတ်မောက် မေ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက် များ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က လိုက်လံနှိုးဆော်ပေးခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မုန်တိုင်းအရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မြစ်ငယ်ချောင်းငယ်အနီးတွင် နေထိုင်ကြသူများကလည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်၊ ပြည်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြု နေထိုင်ကြရန် စသည့်အကြောင်းအရာများကို အသံချဲ့စက်ဖြင့်လိုက်လံ အသိပညာပေးနှိုးဆော်ခဲ့ပြီး မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
အဆိုပါ မုန်တိုင်းသတိပေးချက် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း