မော်လိုက် မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တွင် ခရိုင်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ရဲတပ်ဖွဲ့တို့မှ သဘာ၀ဘေးအန္တရာယ် ကျရောက်လာ ပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် (၉)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက မော်လိုက် မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရန်၊ ပျက်ဆီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားနိုင်ရန်အတွက် လူ၊ ပစ္စည်းနှင့် စက်ပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများကို ခရိုင်ရဲတပ်ဖွဲ့နှင့် ခရိုင်မီးသတ် ဦးစီးဌာနသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပစ္စည်းသိုလှောင်ရုံသို့ သွားရောက်၍ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဘေးသင့်ပြည်သူများအား ထောက်ပံ့မည့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)