ချောက်မြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်တွေ့သရုပ်ပြ ဟောပြောခြင်းများ ဆောင်ရွက်

ချောက် မေ ၁၂

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ယနေ့နံနက်၈နာရီအချိန်က မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်လက်တွေ့ သရုပ်ပြဟောပြောခြင်းများကို မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ မြို့ နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်များအတွင်းလှည့်လည်၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များအား အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

ထို့​နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်မျိုးသန့်မှ အမှတ်(၁၀)ရပ်ကွက်နှင့် အမှတ်(၁၅)ရပ်ကွက်ရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ် ကြောင့်ရေကြီးရေလျှံမှု ဖြစ်ပေါ်ချိန်တွင် ၅ ဂါလန်ဆံ ပလတ်စတစ်ပုံးဖြင့် မိသားစုဝင်များအတွက် သောက်ရေသန့်များ ကြိုတင်ဖြည့်တင်း စုဆောင်းထားနိုင်သကဲ့သို့ ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကျရောက်ပါကလည်း လူတစ်ဦး၏အသက်ကို ကောင်းစွာကယ်တင်နိုင်သဖြင့် ရပ်ရွာများရှိ နေအိမ်တိုင်းတွင် ၅ ဂါလန်ဆံ ပလတ်စတစ် ပုံးများအသင့် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် အသက်ကယ်တင် အသုံးပြုနည်းများကို သရုပ်ပြဟောပြောခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)