ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးတင်အေး လေးမျက်နှာမြို့နယ်ရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားရှိမှုများကြည့်ရှုစစ်ဆေး

လေးမျက်နှာ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးတင်အေးသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ သဘာဝဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှုစစ်ဆေးကာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ၊ Oxygen စက်ရုံနှင့် ပန်းတောကြီးကျေးလက် ဆေးပေးခန်းတို့တွင် သဘာဝဘေး အန္တရာယ်အတွက် ဆေးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေနှင့် အောက်စီဂျင်သိုလှောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ စုစုလှိုင်မှ ဆေးပစ္စည်းနှင့် အောက်စီဂျင်သိုလှောင်ထားရှိမှုများ ဆေးရုံ တက်ရောက် ကုသလျက်ရှိသော လူနာအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အမှတ်(၁)ရပ်ကွက်ရှိ မီးသတ်စခန်းတွင် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထား ရှိမှုများကို ကြည့်ရှုစစ်ဆေးရာ မီးသတ်ဦးစီးအရာရှိ ဦးရဲနောင်ဝင်းမှ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု၊ သဘာဝဘေးအသိပညာပေး ကြေညာမှုများ၊ သဘာဝဘေးကယ်ဆယ်ရေး သရုပ်ပြမှု များနှင့် ကယ်ဆယ်ရေးအဖွဲ့များအသင့် ပြင်ဆင်ထားရှိမှုအခြေအနေများကို တင်ပြရာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက စည်းလုံးညီညွှတ်စွာဖြင့် အရေးပေါ်တုံ့ပြန်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကြရန် အားပေးစကားပြောကြားခဲ့ပြီး ထိန်ငူ ကျေးရွာအုပ်စုရှိ Assemble board house၊ ပန်းတောကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်နှင့် အ.ထ.က-ပန်းတောကြီး စာသင်ကျောင်းတို့တွင် ပြည်သူများ သဘာဝဘေးခိုလှုံရန် အဆောက်အဦး ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်ကောင်း၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စုရှိ ကျော်ကြားဆီသိုလှောင်ရုံမှ သဘာဝဘေးအတွက် စက်သုံးဆီသိုလှောင်ထားရှိမှုများကို လည်ကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)