ပေါက်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပေါက် မေ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီကြပ်မှုဖြင့် ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ ထန်းတပင်ကျေးရွာနှင့် သရက်တောကျေးရွာများသို့ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြောင်း သိရသည်။

မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် အတွင်းရှိပြည်သူများသို့ မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာချက်များ/ အသိပေးနှိုးဆော်ချက်များ၊ မြို့နယ်အတွင်းမုန်တိုင်း အန္တရာယ်ကျရောက်ပါက ရွေ့ပြောင်းနေထိုင်ရမည့် ဘေးလွတ်ရာနေရာများ၊ အကူအညီလိုအပ်ပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့်နေရာများ/ ဖုန်းနံပါတ်များကို အသိပေးကြေညာခြင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ဝေသော သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ကိုရွှေယော(အညာမြေ)