ပခုက္ကူ မေ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကျင်းပသည်။
ပထမဦးစွာ ပခုက္ကူမြို့၊ အမျိုသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပါက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ၊ လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ကျချောင်းရေများနှင့် မြေပြိုကျမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်ကာကွယ်နိုင်ရေး သတိပြုလိုက်နာရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်အမျိုးအစားများနှင့် မုန်တိုင်းမဖြစ်မီ ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းဖြစ်ချိန်တွင် ရှောင်ရှားသင့်သည့်အချက်နှင့်လိုက်နာရန်အချက်များ၊ မုန်တိုင်းပြီး ဆုံးချိန်တွင် ပြုလုပ်ရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ(၃၅)ဦး တက်ရောက်ကြပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)