ဟင်္သာတ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ယာယီခိုလုံရေးစခန်း ပြင်ဆင်ထားရှိမှုနှင့် သောက်သုံးရေနှင့် စားရိက္ခာများ၊ဆေးဝါးများ အသင့်စုဆောင်း ပြင်ဆင်ထားရှိမှုတို့ကို ယမန်နေ့ နေ့လယ်ပိုင်း က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းကလည်း ဟင်္သာတမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဌေးဝင်းကုန်း ဈေးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသည့် ပြည်သူများ အား မုန်တိုင်းသတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဘုရားကြီးရပ်ကွက်ရှိ အမက(၁၂) အတွင်း သောက်သုံးရေ အသင့်စုစည်းထားရှိခြင်းနှင့် အရေးပေါ်မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ခရိုင်မြို့နယ်တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ ပတ္တမြားရပ်ကွက်အတွင်း ပတ္တမြားကျောင်းတိုက်ဝန်းအတွင်း ရပ်ကွက်နေပြည်သူ(၃၀)ဦးခန့်အား မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်း၊ အသက်ကယ်အင်္ကျီ (Light Jacket) ဝတ်ဆင်နည်းတို့အား လက်တွေ့သင်ကြားပြသပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)