ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များကို ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်

ကြံခင်း မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတိပေးထုတ်ပြန်ချက်အား အချိန်နှင့်တစ်ပြေးညီ ပြည်သူများသိရှိစေရန် ယမန်နေ့ နံနက် (၈)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းများတွင် Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် မေလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန်(၆: ၃၀)နာရီအချိန် တိုင်းထွာချက်အရ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ ရွေ့လျားမှုနှင့် လက်ရှိအခြေအနေများ၊ ယနေ့ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" အဖြစ် ပြောင်းလဲပြီး လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်  မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ကြောင်း၊ နောက်(၄)ရက်အတွင်း ခန့်မှန်းချက်မှာ မေလ(၁၂)ရက်နေ့တွင် မြောက်-အရှေ့မြောက်ဘက် သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ အားအလွန်ကောင်းသော "မိုခါ" အဖြစ်လည်းကောင်း၊  မေလ(၁၄) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း  မြောက်ပိုင်းကမ်းခြေကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းချက်များ၊ မုန်တိုင်းအရှိန် ကြောင့် ရေပြင်/မြေပြင်လေ၏ အခြေအနေများနှင့် ဒီရေမြင့်တတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးနိုင်ပြီး မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ပြည်သူများအနေဖြင့် ရိက္ခာခြောက်စုဆောင်းခြင်း၊ မုန်တိုင်းရုတ်တရက် ကျရောက်ပါက ရပ်ကွက်‌/ကျေးရွာ များရှိ ဆိုင်ကလုန်း(shelter)သို့ သွားရောက်နေထိုင်ခြင်း၊ မိမိတို့၏ ကောက်ပဲသီးနှံများအား ပျက်ဆီးဆုံးရှုံးမှု မရှိစေရေးစနစ်တကျ ပြင်ဆင်ရွှေ့ပြောင်းထားရှိရန်နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ထားရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများက အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ကြကြောင်း သိရ သည်။

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးရှေ့နံရံကပ်ပြဘုတ်တွင် မုန်တိုင်းအန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးကျရောက်ပါက ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးပြသထားရာ ပြည်သူများမှ စိတ်ပါ ဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)