ဘားအံမြို့မှ ကိုဗစ် - ၁၉ ရိုက်ခတ်နေသော လူမှုဘဝများ

ဘားအံ၊ စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပြည်နယ်အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလူထုများ ဝိုင်းဝန်းပူးပေါင်း၍  ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကိစ္စရပ်တစ်ချို့တွင် ကန့်သတ်ထိန်းချုပ်မှုများရှိနေသည့်အတွက် ဒေသနေပြည်သူအချို့ ၏ ကိုဗစ် ၁၉ ရိုက်ခတ်သော လူမှုဘဝစကားသံများကို တွေ့ဆုံမေးမြန်း၍ စုစည်းရေးသားဖော်ပြလိုက်ရပါသည်။

ကိုအောင်မျိုး(ကုန်တင်ကုန်ချအလုပ်သမား)

မိသားစု သုံးယောက်ရှိပါတယ်၊ မိန်းမရယ်၊ ကျွန်တော့သမီးလေးရယ်၊ လှာကမြင်ရပ်ကွက်မှာ အိမ်ငှါးပြီးနေထိုင်ကြပါတယ်၊ ကျွန်တော်ကတော့ ကုန်တင်ကုန်ချရုံးမှာ အလုပ်သမားအဖြစ်နဲ့လုပ်ကိုင်ပါတယ်၊ မိန်းမနဲ့သမီးကတော့မှီခိုပေါ့၊ ကိုဗစ်ကာလမှာ ကုန်စည်စီးဆင်းမှုအခက်အခဲ ကုန်သည်တွေရဲ့အခက်အခဲအနေအထားတစ်ခုမှာ လမ်းကြောင်းပိတ်ဆို့မှုတွေလည်းရှိတဲ့အခါကျတော့ ကုန်ကားတွေအဝင်အထွက် နည်းသွားခဲ့ပါတယ်၊ ခါတိုင်း တစ်နေ့လုပ်ခရှစ်ထောင်၊ ကိုးထောင်၊ တစ်သောင်းရတဲ့အနေအထားမှာ အခုတစ်နေ့ကို နှစ်ထောင်၊ သုံးထောင်လောက်ဘဲရတော့တယ်၊ ကုန်ကားတွေပိတ်နေတဲ့အခါကျတော့ ကားတွေမဝင်လို့ ဒီရက်ပိုင်းတွေမှာဝင်ငွေမရပါဘူး၊ ကျွန်တော်တို့ ကုန်တင်ကုန်ချအလုပ်သမား ငါးဆယ်ကျော်ရှိတဲ့အနေအထားမှာ အလုပ်သမားတွေရဲ့စားဝတ်နေရေးကတော့ အခက်အခဲဖြစ်တယ်အကို၊ မနက်(၇)နာရီကနေ အလုပ်သမားရုံးကိုရောက်ပါတယ်၊ ကုန်ကားတွေဝင်လာရင် ခွဲတမ်းချပေးတဲ့အနေအထားပေါ်မူတည်ပြီးတော့ အလည့်ကျ စနစ်နဲ့ ဘားအံတစ်မြို့လုံးကို ကုန်စည်တွေ အတင်အချလုပ်ကြရပါတယ်၊ တစ်ခါတစ်လေ ညနေ ၆ နာရီကျော် ၇ နာရီ လောက်ထိ လုပ်ကိုင်ရတာတွေလည်းရှိတယ်၊ ညနေခင်းအလုပ်ပြန်ချိန်ကတော့ သတ်မှတ်လို့မရပါဘူး၊ လူမှုဖူလုံရေးရုံးက အလုပ်သမားတစ်ယောက်ကို သုံးသောင်းနှုန်းထောက်ပံ့တာတော့ရပါတယ်၊ ဒီရက်တွေမှာ ကျွန်တော်တို့အလုပ်ဆင်းကြတယ်ဆိုတာက ကုန်ကားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အလုပ်သမားတွေရှိနေတယ်ဆိုတဲ့အနေအထားတစ်ခုနဲ့ တာဝန်ကျေခြင်တဲ့သဘောပါ၊ ဒီနှစ်ရက်ဆိုရင် ကုန်ကားတွေမဝင်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့အလုပ်သမား နှစ်ဆယ်ကျော် အလုပ်ဆင်းကြပါတယ်၊ တစ်ချို့ကလည်း ရောဂါကြောက်ပြီး နားတာလည်းရှိပါတယ်၊ ကျွန်တော်တို့က ကုန်တင်ကုန်ချအလုပ်သမားဆိုတဲ့အခါကျတော့ ကားအဝင်အထွက်များရင် ကျွန်တော်တို့အတွက် စားဝတ်နေရေးပိုပြီး အဆင်ပြေတာပေါ့၊ ကားအဝင်အထွက်နည်းတဲ့အခါကျတော့ အဆင်မပြေဘူးပေါ့၊

ကိုကျော်လင်းဦး(ဆိုင်ကယ် ကယ်ရီ)

မိသားစု လေးယောက်ရှိပါတယ်၊ ကလေးနှစ်ယောက်ရယ်၊ ကျွန်တော့်မိန်းမရယ်ပါ၊ မိန်းမက အိမ်မှာစက်ချုပ်ပါ တယ်၊ အခုက ကိုဗစ်ဖြစ်နေတော့ စက်လည်းသိပ်မချုပ်ရပါဘူး၊ အရင်ကိုဗစ်မဖြစ်ခင်ကဆို ဘယ်လိုပြောရမလဲ အဆင်နဲနဲ ပြေသေးတာပေါ့၊ တစ်နေ့ကို ခုနှစ်ထောင်၊ ရှစ်ထောင်လောက်ရတယ်၊ အခုဆိုရင် တစ်နေ့တစ်ထောင်နှစ်ထောင်လောက်ဘဲရတယ်၊ တစ်ခါတစ်လေကျရင် ငါးရာလောက်ဘဲရတဲ့နေ့မျိုးတွေလည်းရှိတယ်၊ ကိုဗစ်ကာလမှာ လူတွေကအပြင်ကို သိပ်ပြီးမထွက်ကြတော့ ခရီးသည်မရှိလို့ မမောင်းရတာပေါ့၊ ဈေးရောင်းဈေးဝယ်တွေလည်းပါးတဲ့အခါကျတော့ ဆိုင်ကယ် ကယ်ရီလည်း သိပ်မဆွဲရတော့ဘူးပေါ့၊ ခရီးသည်တွေကို လိုရာခရီးရောက်အောင်ပို့နိုင်ဖို့ ကျွန်တော်တို့မှာ Mask အပိုတွေပါတယ်၊ သူတို့ Mask မပါရင် ကျွန်တော်တို့ Mask တပ်ပေးတယ်၊ စားဝတ်နေရေးအနေနဲ့ကတော့ ဒီလိုဘဲ ရတာလေးနဲ့စားရတာပေါ့၊ မရတော့လည်း သူများဆီကနဲနဲပါးပါးချေးငှါးပြီး စားရတာပေါ့၊ အရင်ကတော့ စားဖို့သောက်ဖို့ အဆင်ပြေသေးတယ်၊ အခုကတော့ တဖြည် းဖြည်းနဲ့ စားဖို့သောက်ဖို့ သိပ်ပြီးအဆင်မပြေတော့ဘူး၊ မနက်မိုးလင်းပြီဆိုတာနဲ့ ဆိုင်ကယ်ဂိတ်ကို ရောက်အောင်လာပြီ ခရီးသည်မလာလည်းစိတ်ရှည်ရှည်နဲ့ စောင့်ပြီးကယ်ရီဆွဲရတာပေါ့၊ ရရ၊ မရရ မိုးချုပ်မှဘဲ ပြန်တယ်၊ နေ့တိုင်းဒီလိုဘဲဖြတ်သန်းနေရတာပါဘဲ။

ရေခဲချောင်းရောင်းသူတစ်ဦး၊

ကျွန်တော်နေတာက စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းကပါ၊ ဒီရောက်တာတော့နှစ်လလောက်ရှိပြီ၊ အခုတော့ ရေခဲချောင်းရောင်းနေတယ်အကို၊ ဒီကိုဗစ်ကာလမှာ ဈေးရောင်းရတာတော့ အဆင်မပြေဘူးဗျ၊ တစ်ချို့နေ့တွေလည်း အိတ်ထဲကစိုက်ရတာမျိုး အရှုံးပေါ်တာရှိတယ်၊ တစ်ချို့နေ့တွေလည်း နည်းနည်းပါးပါးပေါ့ စားရုံသောက်ရုံလောက် ရတယ်ဗျ၊ ကိုဗစ်ကာလဆိုတော့ နေထိုင်စားသောက်တာနဲ့ပတ်သက်ပြီး ချိုးခြံချွေတာရတာပေါ့ဗျ၊ ရောဂါအခြေအနေ အမြန်ဆုံးပျောက်ကင်းပါစေ၊ အလုပ်အကိုင်တွေလည်း ပြန်ပြီးအဆင်ပြေကြပါစေလို့ဘဲ ပြောချင်ပါတယ်၊

ကိုကျော်နိုင်ထွန်း (ဆိုင်ကယ် ကယ်ရီ)

မိုးလင်းတာနဲ့ ဆိုင်ကယ် ကယ်ရီမောင်းဖို့ ဂိတ်ကိုလာတယ်၊ ခရီးသည်ကိုထိုင်စောင့်ရတာပေါ့၊ ထမင်းစားချိန် ရောက်ရင်ပြန်စားတယ် မိုးချုပ်တဲ့အထိ ကယ်ရီဂိတ်မှာဘဲ ခရီးသည်စောင့်ရတာပေါ့၊ ကိုဗစ်ကာလမတိုင်မီကတော့ သွားလာနေကြတဲ့ခရီးသည်တွေက များတယ်၊ နယ်ကတက်လာကြတာလည်းရှိတယ်၊ အခုကိုဗစ်ကာလမှာ လူတွေက တော်ရုံတန်ရုံအပြင်မထွက်ကြတဲ့အခါ အသွားအလာတွေလည်းနဲသွားတဲ့အခါကျတော့ကျွန်တော်တို့ကယ်ရီသမားတွေလည်း သိပ်ပြီးမမောင်းရတော့ဘူးပေါ့နော်၊ အရင်က တစ်ရက်ကို လေးငါးရှစ်ထောင်လောက်ရကြတယ်၊ အခုဆိုရင် မနက်ကနေ ညနေမိုးချုပ်တဲ့အထိ သုံးယောက်ရှိရင် တစ်ယောက်က တစ်ထောင်လောက်တော့ရပြီး ကျန်တဲ့နှစ်ယောက်က မရဘူးပေါ့၊ ဘာလို့လည်းဆိုတော့ အလှည့်ကျစနစ်နဲ့သွားတာဖြစ်လို့ တစ်နေကုန်မှ ခရီးသည်တစ်ယောက်မှ မရလိုက်တဲ့နေ့မျိုးလည်း ရှိပါတယ်၊ စားဝတ်နေရေးအနေနဲ့အခါကျတော့ မရတဲ့နေတွေဆိုလည်း ရှိတာလေးရောင်းပြီး စားကြရတဲ့နေ့တွေရှိသလို အသိဆွေမျိုးတွေဆီက ချေးငှါးပြီးတော့ သုံးရတာတွေလည်းရှိပါတယ်၊ မိသားစု သုံးယောက်ရှိပါတယ်၊ ဇနီးကတော့ ဈေးရောင်တယ်၊ သမီးကတော့ ဘုရားပေါ်မှာပန်းရောင်းပါတယ်၊ ဈေးရောင်တာလည်းအဆင်မပြေပါဘူးဒီကာလမှာ၊ တစ်ကျပ်ဖိုးမှမရောင်းရတာတွေလည်းရှိတယ်၊ တစ်ထောင်ဖိုး နှစ်ထောင်ဖိုးရောင်းရတဲ့နေ့တွေလည်း ရှိတယ်၊

ကိုကျော်နိုင်ဝင်း(ကန်သာယာညဈေး၌ ရန်ကုန်ဒံပေါက်ရောင်းသူ)

အရင်ကိုဗစ်မဖြစ်ခင်ကတော့ နဲနဲအဆင်ပြေတာပေါ့၊ ကန်သာယာမုန့်ညဈေးတန်းမှာ ဆိုင်စဖွင့်တာနဲ့ လူကလည်း စည်ပြီလေ၊ အခုကိုဗစ်ဖြစ်သွားတော့ လူတွေကလည်းသိပ်မလာရဲကြဘူး၊ အရောင်းအဝယ်တော့ပါးသွားတာပေါ့၊ လက်လုပ်လက်စားဆိုတော့ ဈေးရောင်းမှစားရမှာဆိုတော့လေ လာရောင်းရတာပေါ့ဗျာ၊ တစ်နေ့ ပွဲ ၂၀ ပွဲ ၃၀ ဆိုလည်း ဝင်ငွေလေးရှိသေးတာပေါ့၊ အရင်တုန်းကတော့ တစ်နေ့ ဒံပေါက် ပွဲ ၇၀ ပွဲ ၈၀ ရောင်းရတာပေါ့၊ အရင်ကတော့ တစ်ရက်ကို လေးငါးသောင်း အမြတ်ကျန်တာပေါ့ဗျာ၊ အခုတော့သိပ်မကျန်ဘူးပေါ့ စားဖို့သောက်ဖို့နဲ့ အိမ်ငှါးစရိတ်ကာရုံလောက်ပေါ့၊ အပိုအလျှံတော့ မရှိပါဘူး၊ အရင်တုန်းကတော့ မြိုင်ကလေးဈေးရှေ့မှာ ကားထိုးပြီးတော့ ရောင်းတာပေါ့ဗျာ၊ အခုကိုဗစ်ဖြစ်သွားတော့ ဈေးတွေကလည်း အပြင်လူတွေလာလို့ မရတော့ဘူးဆိုတော့ ကျွန်တော်တို့မှာ မနက်ပိုင်းမှာလုံးလုံးနားထားရတယ်ဗျ၊ အခုညနေပိုင်း ဒီကန်သာယာမုန့်ညဈေးလေးဘဲအားကိုးပြီး ဖွင့်ရတာပါ၊ ဒီဈေးသာပိတ်ရမယ်ဆိုရင်တော့ လုံးလုံးကို အဆင်မပြေတော့ဘူးဗျာ၊ ဒီဈေးလေးဖွင့်တော့ ကျွန်တော်တို့ဈေးသည်တွေအနေနဲ့တော့ မဆိုးဘူးလို့ပြောရမှာပေါ့၊ စားဖို့သောက်ဖို့နဲ့ အိမ်ငှါးစရိတ်ကာသွားတာပေါ့ဗျာ၊

ဘားအံမြို့မှ လှုပ်ရှားရုန်းကန်နေကြသည့် ဒေသနေပြည်သူတို့၏ လူမှုဘဝများမှ စကားသံများကို ကိုယ်ချင်းစာ နားထောင်ကြည့်ခြင်းအားဖြင့် ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဖြင့် အမြန်ဆုံး ကျော်လွန်ဖြတ်သန်းရန် လိုအပ်နေပြီး တစ်နေ့လုပ်တစ်နေ့စား လုပ်သားတို့၏ဘဝကို ပြန်လည်မြှင့်တင်ပေးရန် လိုအပ်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)