ပွင့်ဖြူ မေ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ဗုဒ္ဓအဆုံးအမတရားတော်များနှင့်အညီ ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းကို မေ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဗုဒ္ဓဘယသာယဉ်ကျေးလိမ္မာသင်တန်းသို့ ယောဂီဝင်အမျိုးသမီး ၂၀ ဦးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ ၅၆ ဦး၊ စုစုပေါင်း သင်တန်းသားဦးရေ ၇၆ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စောစောထား၏ ဦးဆောင်မှုဖြင့် သင်တန်းနည်းပြဆရာများက ပြည်သူများ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ပျူငှာယဉ်ကျေးလိမ္မာစေရန်၊ ဗုဒ္ဓ၏ အဆုံးအမတရားတော်များနှင့်အညီ ပြုမူပြောဆို ကျင့်ကြံနေထိုင်တတ်စေရန်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရများ သိရှိစေရန်နှင့် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဗုဒ္ဓဝင်အကျဉ်းမှတ်စု၊ ရတနာသုံးပါးဂုဏ်ကျေးဇူးနှင့် ကံ ကံ၏အကျိုး၊ ဘုရားရှိခိုးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ဒုစရိုက်/သုစရိုက်နှင့် ပုညကြိယာဝတ္ထု၊ မင်္ဂလသုတ်နှင့် ဘာသာစာရိတ္တ၊ ယဉ်ကျေးမှု စသည့် ဗုဒ္ဓစာပေများကို စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းကို မေ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)