ကလိန်အောင် မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မေလပိုင်းမှ စတင်၍ ကွမ်းရွက်ဈေးနှုန်း တစ်ပိဿာကို ငွေကျပ် ၁၃၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ကလိန်အောင်မြို့ရှိ ကွမ်းယာဆိုင်ရောင်းချနေသူများ၏ ပြောကြားချက်အရ သိရသည်။
“ကွမ်းရွက်ဈေးက မမှန်ဘူး ၊ ဧပြီလတုန်းကဆို တစ်ပိဿာကို ငွေကျပ် ၄၅၀၀၊ ၅၀၀၀၊ လောက်နဲ့ ဝယ်ယူရတယ်၊ အခုဆို တစ်ဖြည်းဖြည်းနဲ့ ဈေးနှုန်းက ငွေကျပ် ၇၀၀၀၊ ၈၅၀၀ ကနေစပြီးတော့ အခုဆို ၁၃၀၀၀ အထိ ဈေးမြင့်တက်လာတယ်” ဟု ကွမ်းယာဆိုင်ရောင်းချသူတစ်ဦးကပြောသည်။
“တခါတလေဆို ကွမ်းယာရောင်းဖို့ ကွမ်းရွက်ဝယ်ယူလို့တောင် မရဘူး၊ ဒေသထွက် ကွမ်းရွက်ကြမ်းနဲ့ပဲ ရောင်းချရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ “ကွမ်းရွက်စိုက်ပျိုးတောင်သူ နည်းသွားတာနဲ့ ပြီးတော့ အထွက်နှုန်းနည်းသွားတာလည်း ဖြစ်နိုင်ပါတယ်၊ နောက်ပြီး လမ်းခရီးသယ်ယူစရိတ်ကြောင့်လည်း ဖြစ်နိုင်တယ်” ဟု ကွမ်းယာရောင်းချသူ နောက်တစ်ဦးကပြောသည်။
ကလိန်အောင်မြို့တွင် ကွမ်းရွက်များကို ရန်ကုန်မြို့နှင့် ထားဝယ်မြို့ဘက်မှတစ်ဆင့်ဝယ်ယူရပြီး ကွမ်းယာဆိုင်များကို ပြန်လည်ရောင်းချရကြောင်း သိရသည်။
ကလိန်အောင်မြို့ဒေသထွက် ကွမ်းရွက်ကြမ်းပေါက်ဈေးနှုန်းမှာ ကွမ်းရွက် အရွက်တစ်ရာပါတစ်စည်းကို ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ ကျပ်အထိ ဈေးရရှိပြီး ကလိန်အောင်မြို့ဈေးများတွင် ရောင်းချကြသည်။ ကလိန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ကွမ်းရွက်ပင် အကြမ်းမျိုးကိုသာ စိုက်ပျိုးကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)