ကနီ အောက်တိုဘာ ၆
၂၀၂၀ ပြည့်နှစ်၊ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံ မဲဆန္ဒရှင် စာရင်းများကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်၊မြို့များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကပ်ထား ကြေငြာ လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာ ပင်ခရိုင်၊ ကနီမြို့ရှိ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂ ) ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတို့တွင်လည်း အောက်တိုဘာလ ၁ ရက်နေ့က အခြေခံမဲ ဆန္ဒရှင် စာရင်းများ ကပ်ထား ကြေငြာထားကြောင်း သိရသည်။
အဆိုပါ အခြေခံမဲဆန္ဒရှင် စာရင်းများကပ်ထား ကြေငြာထားမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက် စိုးထွန်းဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁)ရက် နေ့မှ (၁၄)ရက် နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကြေငြာကပ်ထားပြီးဖြစ်ရာ အခြေခံမဲဆန္ဒရှင် စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့်အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြား ဒေသမှ လာရောက်နေထိုင် သူများဖြစ်ပါ ကပုံစံ၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်မှားယွင်း နေပါ က ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် စီစစ်၍ဆောင်ရွက်သွား မည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက်မဲစာရင်း လာရောက် ကြည့်ရှုကြရန် ကြော်ငြာကားဖြင့် လိုက်လံ နှိုးဆော် အသိပေးထားကြောင်း ကနီမြို့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း ထံမှသိရသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)