ကော့သောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကော့သောင်း မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ဗျူဟာအခြေချအဖွဲ့(ကော့သောင်း) စစ်ဗျူဟာမှူးဗိုလ်မှူးကြီးအောင်သက်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ဘင်္ဂလားပင်လယ်အော်တွင် မေလ ၁၁ ရက်နေ့မှ ၁၅ ရက်အတွင်း ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်မှုများကို သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီအလိုက်ဆောင်ရွက်ထားရှိရန် ပြည်သူများသို့ အချိန်နှင့် တပြေးညီသတင်းအချက်အလက်များ ပြန်ကြားပေးနိုင်ရန်၊ သဘာဝဘေး ကျရောက်လာပါက လုပ်ဆောင်ရမည့်အချက်များကို သက်ဆိုင်ရာကော်မတီအလိုက် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီးသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီ(၁၂)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များမှ မိမိတို့ကြိုတင်ပြင်ဆင် စီစဥ်ဆောင်ရွက်ထားရှိမူ အ‌ခြေအ‌နေများကို တင်ပြပြီး သဘာဝဘေး ကျရောက်လာပါက ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမူလျော့ပါး သက်သာ‌စေနိုင်ရန် အကောင်းဆုံး နည်းလမ်းများဖြင့် ကာကွယ်နိုင်ရေး၊ ဖြစ်ပွားပြီးပါက အထိရောက်ဆုံး ကူညီကယ်ဆယ် ထောက်ပံ့ပေးနိုင်ရေးနှင့် ပြန်လည်နေရာချထားရေးတို့ကိုဆွေးနွေးပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်မည့် နေရာသို့ သွားရောက်၍ ကော်မတီအလိုက် နေရာချထားမည့်အခြေအနေများအား သွားရောက်ကြည့် ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)