ရှမ်းရွာသစ် မေ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မုန်တိုင်းဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေထားသော မုန်တိုင်းအန္တရာယ်လျော့ပါးရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မုန်တိုင်းအန္တရာယ်မကျရောက်မီ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင် ရန်အချက်များ၊ မုန်တိုင်းကြောင့် ဖြစ်ပေါ်သည့်အန္တရာယ်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များနှင့် ပြုလုပ်ရမည့်အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်အညွှန်းများနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ ပါဝင်သောလက်ကမ်းစာစောင်ကို ဒေသနေပြည်သူများ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်သည့် ရှောင်ရန်၊ ဆောင်ရန်နှင့်လိုက်နာရမည့်အချက်များအား အသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)