ရှမ်းရွာသစ် မေ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက်၊ ခတ္တာလမ်းရှိ ကျောက်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းကို မေလပထမပတ်မှစ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၉.၈၆၀)သန်းဖြင့် အရှည်(၄၀၀)ပေ၊ အကျယ်(၂)ပေ၊ အမြင့်(၃)ပေရှိ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် လုပ်ငန်း တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါက ရေနုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာပိုမိုကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမည်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလရောက်လျှင် တောင်ကျရေများစီးဆင်းပြီး ဒေသနေပြည်သူများ၏ ဒေသဖွံ့ဖြိုး တိုးတက်စေရးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ သက်ဆိုင်ရာခွင့်ပြုရန်ပုံငွေများဖြင့် လမ်း၊ တံတားလုပ်ငန်းများနှင့် အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)