ပလောက် မေ ၁၁
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ပလောက်နယ်မြေ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် မိမိတို့ဒေသသည့် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မြစ်ငယ်၊ ချောင်းငယ်နှင့် ပင်လယ်ကမ်းအနီးတွင် နေထိုင်ကြသူများကလည်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ အနေဖြင့် ယခုရက်ပိုင်းအတွင်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန် စသည့်အချက်များကို အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)