ကျွန်းစုမြို့တွင် မီးသတ်ဦးစီးဌာနက မုန်တိုင်းအသိပေးခြင်းနှင့် ရေဘေးကယ်ဆယ်ရေး သရုပ်ပြဆောင်ရွက်

ကျွန်းစု မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ရေဘေးကယ်ဆယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့ ညနေ(၃)နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့အဝင် ဆိပ်ကမ်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရုပ်ပြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင် ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဦးဝင်းဇော်မိုးနှင့် တပ်ဖွဲ့ဝင်(၁၂)တို့က (၅)ဂါလန် ပလတ်စတစ် တစ်ပုံးသည် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် မိသားစုဝင်များအတွက် သောက်ရေသန့်များ ကြိုတင်ဖြည့်တင်း စုဆောင်းထားနိုင်သကဲ့သို့ ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကျရောက်လာပါက လူတစ်ဦး၏အသက်ကို ကောင်းစွာကယ်တင်နိုင်သဖြင့် ကျေးရွာများရှိ နေအိမ်တိုင်းတွင် အသင့်ကြိုတင်ပြင်ဆင်ထားရှိကြရန် လိုအပ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ဆိပ်ကမ်းအနီး ရေပြင်၌ လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။

ထက်မြင့်