ငဖဲ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ဝင်္ဂဘာကျေးရွာတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသတိပေးချက်များအား အသိပေးနှိုးဆော်ရာတွင် ငဖဲမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် မေလ(၈)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်ပေါ်နိုင်သည့် အခြေအနေများ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ စသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)