မြို့သစ် မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြပြီး "ပဲ၊ ပြောင်း၊ စပါး၊ နှမ်းနှင့်မြေပဲ" တို့နှင့်အတူ မြို့နယ်အတွင်းမှ တောင်သူ များသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဥ်သီးကို အဓိကထားစိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများ ကျဆင်းနေသဖြင့် အရှုံးပေါ်နေကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။
"ခရမ်းချဉ်သီးက မီးဖိုချောင်သုံးစားစရာ ရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၁၀၀၀/၁၅၀၀ ဈေးက နေတဖြည်းဖြည်းတက်လာကာ တစ်ပိဿာ၂၈၀၀ ကျပ် ဈေးအထိမြင့် တက်လာခဲ့တာကြောင့် ခရမ်းချဉ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခုရာသီအကူးအပြောင်းခရမ်းချဉ် သီးများပေါ်ချိန်မှာ ယခင်နှစ်က ဈေးအတိုင်း လက်လီဈေး တစ်ပိဿာ ၁ဝဝဝ ကျပ် အထိဈေးကျသွားတဲ့အတွက် ခရမ်းချဉ် စိုက်ပျိုးကြတဲ့ ကျွန် တော်တို့တောင်သူတွေအနေနဲ့ အရင်းရဖို့ကို အစွမ်းကုန်ကြိုးစား ရောင်းချ နေကြရပါတယ်"ဟု ခရမ်းချဉ်စိုက်တောင်သူတစ်ဦးကပြောသည်။
မြို့သစ်မြို့ နယ်ရှိကျေးရွာများအနက်မြင်သာကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဆင်ဖြူချီကျေးရွာ၊ မြေခြားကျေးရွာတို့တွင် ခရမ်းချဉ်ကို အဓိက ထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ် နွေခရမ်းချဉ်ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြပြီး ယခုမြို့သစ်မြို့ ခရမ်းချဉ်သီး ဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။
"ဒီနှစ်ရာသီအခြားဟင်းသီးဟင်းရွက်ဈေးတွေ ဈေးအကုန် ပြန်တက်ခဲ့ပေမဲ့ ခရမ်းချဉ်သီးတစ်မျိုး တည်းသာကျပ် ၂၈၀၀ ဝန်းကျင်ကနေ ၁၀၀၀ ကျပ် ဈေးအထိကျသွားခဲ့တာပါ။ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေးက တန့်နေတော့ ဈေးတက်လာမလား ဈေးပြန်ကျသွားမလား စိုးတထိတ်ထိတ် ဖြစ်နေတာပေါ့" ဟုမြို့သစ်မြို့နယ် ကျေးရွာများမှ စိုက်ခင်းပိုင်ရှင်တစ်ဦးက ဆက် လက်ပြောသည်။
နွေရာသီမှာ အပူရှိန်ပြင်းလို့ အပင်ဖြစ်ထွန်းမှုနည်းသလို ပိုးမွှားကျရောက်မှုလည်းနည်းပါးပြီး၊ မိုးတွင်းကာလမှာတော့ အပင်ငယ်ငယ်အချိန်မှာ မှိုရောဂါကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီးမှိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီး လာတဲ့အခါမှာလည်း ရွက်လိပ်ပိုးနှင့် မှိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြုစိုက်ပျိုးရပြီး ဝါနေသောအရွက်များနဲ့ လိပ်နေသော အရွက်များကိုလှီး ဖြတ်ပေးရကြောင်း လည်းခရမ်းချဉ်စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)