လိပ်သိုဒေသတွင် အုန်းပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ

လိပ်သို မေ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်သီးနှံ ဉယျာဉ်ခြံများကို အဓိကထား လုပ်ကိုင်အသက် မွေးဝမ်းကျောင်း ပြုခဲ့ကြသော်လည်း နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် အုန်းပင်စိုက်ပျိုးမှုကိုမူ စိတ်ဝင်စားစွာ စိုက်ပျိုးသူလွန်စွာနည်းပါးခဲ့ပြီး စမ်းသပ်စိုက်ပျိုးမှုသာရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးမှုမရှိခဲ့သောကြောင့် ဒေသတွင်းတွင် လိုအပ်လျက်ရှိသော အုန်းသီးနှင့် လူသုံးကုန်ပစ္စည်းများကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ ဝယ်ယူစားသုံး၊ သုံးစွဲနေရသည်မှာ ယနေ့ထိတိုင်ပင်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဒေသတွင်းရှိကျေးရွာများမှ ဒေသခံများမှာ အုန်းပင်မှရရှိသော အကျိုးခံစားမှုများအပြင် အုန်းပင်ကို သစ်၊ ဝါး အစားထိုးသုံးစွဲနိုင်ကြောင်း သိရှိလာကာ မိမိတို့၏ ဉယျာဉ်ခြံများတွင် အုန်းပင်များစိုက်ပျိုးရန် စိတ်ဝင်စားလာကြပြီး ယခင်က တစ်ပင်စနှစ်ပင်စ စိုက်ပျိုးထားခဲ့ကြသည့် အကျိုးခံစားနေရသူများ၏ အတွေ့အကြုံများကို မေးမြန်းခြင်း၊ အုန်းပင်မျိုးနှင့် နည်းပညာများကို လေ့လာ၍ ရေရှည်အကျိုးမျှော်ကိုးကာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)