နတ်မောက် မေ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြောင်းရွေ့နေရာချထားရေးလုပ်ငန်းများ၊ အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများ၊ ပျက်စီးဆုံးရှုံးမှု ကောက်ယူ ရေးလုပ်ငန်းများ၊ အလှူငွေနှင့် ပစ္စည်းများ ကောက်ခံရေးလုပ်ငန်းများ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် အဖွဲ့ခေါင်းဆောင်များက ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များ အား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီ (၉)ဖွဲ့တို့တက်ရောက်ခဲ့ကြောင်း သိရသည်။
လှဝင်း