ကော့ကရိတ် မေ ၁၁
ကရင်ပြည်နယ်၊ ကော့ာကရိတ်မြို့တွင် ဘေးအန္တရာယ်များကျရောက်ပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ထောက်ပံ့မည့် ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားရှိသော ကော့ကရိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သိုလှောင်ရုံအား ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်/မြို့နယ်သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့သည် ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်အခြေအနေများတွင် ထောက်ပံ့မည့်ပစ္စည်းများ ထိန်းသိမ်းထားရှိသော သိုလှောင်ရုံ၌ ပစ္စည်းများ စနစ်တကျထုပ်ပိုးထားရှိမှုနှင့် နေရာချထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန္ဒာဝင်းက သိုလှောင်ထားရှိသည့်ပစ္စည်းများ အရေးပေါ်သည့်အချိန်တွင် ရရှိလာမည့် သတင်းအချက်အလက်အပေါ်မူတည်၍ အလျင်အမြန်ဖြန့်ဖြူးနိုင်ရေးစီစဉ်ထားရှိမှု၊ မြို့နယ်အတွင်း အိမ်ထောင်စု (၆၉၀) စုအတွက် ထောက်ပံ့ပစ္စည်း(၁၈)မျိုး စီစဥ်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်တို့မှ သိုလှောင်ထားရှိသည့်ပစ္စည်းများ အလေအလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)