ပေါင်းတည် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာလျှင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို သိရှိနိုင်စေရန် မြို့နယ်အားကစားခန်းမတွင် ယနေ့နံနက် (၁၀)နာရီက လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
အဆိုပါ သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့များမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာလျှင် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ယာဉ်၊ စက်ပစ္စည်းကိရိယာများဖြင့် ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မုန်တိုင်းဖြစ်ပေါ်မည်ဟု သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့် အချက်များ၊ ရေကြီးရေလျှံဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မုန်တိုင်းဖြစ်ပေါ် နေစဉ် လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်၊ သစ်ပင်သစ်ကိုင်းများကျိုးကျခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ပြုတ်ကျခြင်း၊ ဓာတ်တိုင်များကျိုးကျတတ်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် လိုက်နာဆောင်ရွက်ကြရန် စသည့်ရှောင်ရှားသင့်သည့်အချက်များကို အသိပညာပေးဟောပြောကာ လက်တွေ့သရုပ်ပြကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက်)