မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် အနောက်ဘက်မုခ်ဦး အလှူတော် ရေစက်ချမင်္ဂလာ ကျင်းပ

မြိတ်   မေ   ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီး၏ အနောက် ဘက်စောင်းတန်းတွင် အသစ်တည်ဆောက်ပြီးစီးခဲ့သော အနောက်ဘက်မုခ်ဦး အလှူတော် ရေစက်ချမင်္ဂလာကို မေ(၁၁)ရက် နံနက်ပိုင်းက စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အနောက်ဘက်မုခ်ဦးကို စေတီတော်ဩဝါဒါစရိယ ဆရာတော် သံဃာတော်များနှင့် အလှူရှင် မိသားစုများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဆရာတော် သံဃာတော်များက အနောက်ဘက်မုခ်ဦး ကဗ္မည်းကျောက်စာအား အမွေးနံသာရည် ပက်ဖျန်းပေးခဲ့ကြသည်။

ထိုနောက် အလှူတော် ရေစက်ချမင်္ဂလာကို ဗုဒ္ဓသာသနာ့ဗိမာန်တွင်ဆက်လက်ကျင်းပရာ ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿဗုဒ္ဓပဏာမဖြင့် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ လာသန လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူခဲ့ကြသည်။

ဆက်လက်၍ အလှူရှင် မိသားစုအား ပတ္တာနုမောဒနာ ဂုဏ်ပြုမော်ကွန်းလွှာကို လေးကျွန်းဆီမီးစေတီ တော်  ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံရည်က ပေးအပ်ပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများကို အလှူရှင်များနှင့် စေတီတော်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့မှ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် အနောက်ဘက်မုခ်ဦသစ်နှင့် စောင်းတန်းလင်းနို့ဒေါင်ပန်းဆွဲများ ပြုလုပ်ရာတွင် ပါဝင်လှူ ဒါန်းခဲ့ကြသည့် လှူဒါန်းမှု အစုစုတို့အတွက် ဧည့်ပရိတ်သတ်အပေါင်းတို့က စေတီတော်ဩဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ရေစက်ချအလှူတော်မင်္ဂလာကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သာသနာ့အဓိဋ္ဌာန် (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီး၏ အနောက်စောင်းတန်း မုခ်ဦးအသစ်ကို နှစ်ဖက်မိဘများအား ရည်စူးအမှူးထား၍ သားသမီးများဖြစ်သော ဦးတင်အောင်ဝင်း + ဒေါက်တာလွင်လွင်မွန်၊ (ညီမ) ဒေါ်ခင်သန်းဝင်း၊ ဦးဌေးအုန်းသိန်း+ ဒေါ်ခင်ဆွေဝင်း (သိန်းညီနောင်) မိသားစုမှ စုစုပေါင်းတန်ဖိုး ကျပ် သိန်း(၂၅၀)ဖြင့် တည်ဆောက်လှူဒါန်းခဲ့ကြပြီး စောင်းတန်းလင်းနို့ဒေါင်ပန်းဆွဲများ ပြုလုပ်ရန်အတွက် အလှူရှင် (၉)ဦးက အလှူငွေ(၄၇)သိန်းကျော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )