လက်ပံတန်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တမြင့်မားရး ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုးကျိုးများကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်သတိပေးလိုက်နာအချက်များကို လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသားလူငယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)