ပိုင်ကျုံမြို့တွင် ငှက်ပျောသီးများ စျေးကောင်း၍ ငှက်ပျောများ ပိုမိုစိုက်ပျိုးလာ

ပိုင်ကျုံ   မေ   ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသခံတောင်သူများသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး မိမိတို့၏ဥယျာဉ်ခြံမြေများပေါ်၌ နှစ်ရှည်ပင်းများစိုက်ပျိုးလျက်ရှိရာ ယခုအခါ ငှက်ပျောသီးများ စျေးကောင်း၍ ငှက်ပျောများ တပိုင်တနိုင် ပိုမိုစိုက်ပျိုးလာကြသည်။

ငှက်ပျောပင်များစိုက်ပျိုးရာတွင် ငှက်သီးများအစေ့မပါစေရန်အတွက် ရွေးချယ်ထားသောသားတက်၏ အမြစ်များနှင့် အသားပိုများအား ကတုံးတုန်းပြီး သားတက်ခေါင်းကို ရွှံ့ရည်တွင်နှစ်စိမ်ပြီး  မစိုက်ပျိုးမီ သားတက်ကို ၃-၄ ရက်အထိ အရိပ်အောက်မှာ ခေတ္တအခြောက်ခံထားပြီးမှ စိုက်ပျိုးသင့်ကြောင်း၊   မိုးဦးမကျခင် မေလဆန်းပိုင်းမှာ စိုက်ရင်မိုးရွာချိန် အမြစ်သစ်ထွက်ပြီး ဖြစ်တဲ့အတွက်သားတက်မပုပ်တော့ဘဲ အပင်များပိုမိုသန်မာ စေပါကြောင်း၊  အသီးများကြီးထွားစေရန်အတွက် ငှက်ပျောဖူးအား ဖြတ်ပေးရန်လိုအပ်ကြောင်း၊ ယခင်နှစ်တွင် ငှက်ပျောသီး တစ်ဖီးလျှင် ငွေကျပ် (၁၀၀၀မှ၁၅၀၀)အထိသာရရှိပြီး ယခုနှစ်တွင် တစ်ဖီးလျှင် ငွေကျပ်(၂၀၀၀ မှ ၂၅၀၀)အထိ ရောင်းချရရှိသည့်အတွက် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် ငှက်ပျောများ ပိုမိုစိုက်ပျိုးလာခဲ့သည်။

ပိုင်ကျုံမြိုရှိ ငှက်ပျောစိုက်တောင်သူများအနေဖြင့် ငှက်ပျောသီးများ စျေးကောင်းရ၍  မိသားစုစားဝတ်နေရေးနှင့် အပိုဝင်ငွေများ ပိုမိုရရှိစေပါကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

နော်ခူး (ပြန်/ဆက်)