ဖျာပုံမြို့နယ်၌ (Stay at Home) ကာလတွင် အကြောင်းမဲ့ နေအိမ်ပြင်ပသွားလာမှု မရှိစေရေးနှင့် ဖြတ်သန်းသွားလာမည့် ယာဉ်များအား စစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်

ဖျာပုံ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (Stay at Home) ကာလတွင် အကြောင်းမဲ့နေအိမ်ပြင်ပ သွားလာမှုမရှိစေရေးနှင့် ဖြတ်သန်းသွားလာမည့် ယာဉ်များအား၊ နယ်ကျော်ခရီးသွားလာမှု ခွင့်ပြုချက် ရှိ/မရှိ စစ်ဆေး ဆောင်ရွက်မှုများကို ယနေ့နံနက် ၇ နာရီအချိန်က ဖျာပုံမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးပိုင် စျေး(၇)စျေးနှင့် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါစစ်ဆေးဆောင်ရွက်မှုများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက၊ ဖျာပုံမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးပိုင် စျေး(၇)စျေးနှင့် မြို့ဝင်မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် နေ့စဉ်နံနက် ၇ နာရီမှစတင်၍ အကြောင်းမဲ့ နေအိမ်ပြင်ပ ထွက်ခွာမှု မရှိစေရေးနှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Maskများ တပ်ဆင်ပြီးမှ သွားလာခြင်း ရှိ/မရှိ၊ စျေးဝယ်ခွင့်ကတ် ပါ/မပါ၊ ကျေးရွာများမှ မြို့ပေါ်သို့ လာရောက်သည့်သူများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက် ပါ/မပါ၊ မြို့နယ်ကျော်သွားလာနေသူများအား သက်ဆိုင်ရာမြို့နယ်များမှ ထောက်ခံချက် ပါ/မပါနှင့် တာဝန်အရ သွားလာ သူများအား၊ နေရာအလိုက် စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးဆောင်ရွက်ကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် (Stay at Home) ကာလဖြစ်သဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်စေရေး အသိပညာပေးနှိုးဆော်ခြင်းကိုလည်း နေ့စဉ်အသံချဲ့စက်ဖြင့် မြို့အတွင်း လှည့်လည် ကြေညာခြင်း၊ စစ်ဆေးရေးအဖွဲ့များ အနေဖြင့်လည်း နေ့စဉ်လှည့်လည် စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)