ဘားအံ မေ ၁၁
ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ(၇/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးငွေ အတိုးနှုန်းများကို စနစ် တကျပြန်လည်ကောက်ခံလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်အသေးစားစက်မှုလက်မှု လုပ်ငန်းများအနေဖြင့် ချေးယူငွေအပေါ်အသုံးချ၍ ထုတ်ကုန်များ အမှန်တကယ် ထုတ်လုပ်နိုင်ခြင်းရှိ/မရှိ စောင့်ကြည့် လေ့လာအကဲဖြတ်ဖို့လိုကြောင်း၊ စိုက်ပျိုးစွမ်း အားတိုးတက်မြင့်မားရေးအတွက် တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစား ထိ စိုက်ပျိုးနိုင်ရေးနှင့် ရေရရှိရေးနည်းလမ်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ချေးငွေရယူရန်တင်ပြထားသည့်မြို့နယ်များတွင် သက်ဆိုင်ရာစိစစ်အကဲဖြတ်ရေးအဖွဲ့များမှ ထောက်ခံတင်ပြလျှင်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များက ယခင်အပတ်(၆/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်လိုက်နာဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေးရန် လက်ကျန်ငွေ၊ခရိုင်၊ မြို့နယ်များအလိုက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးနိုင်ရေး တင်ပြတောင်းခံလာမှုအခြေ အနေများကို ဆွေးနွေးတင်ပြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အတိုးနှုန်းများပြန်လည်ကောက်ခံပေးသွင်းပြီးစီးမှု၊ မိုးစပါးချေးငွေ ထုတ်ချေးပေးနိုင်ရေး မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးနေမှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင် ရာခရိုင်၊ မြို့နယ်များအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေရယူ၍ စိုက်ပျိုးမွေးမြူရိတ်သိမ်းထွက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏လမ်းညွှန်မှု ဘားအံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်းပါဝင်သောအဖွဲ့သည် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲ တုန့်ပြန်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၁၀ ရက်နေ့ မွန်းလွဲ ၄ နာရီ ခန့်က ဘားအံမြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့မဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမှတ် (၂၂)ခြေလျင်တပ်မဌာနချုပ်ဒုတပ်မမှူးနှင့် တာဝန်ရှိသူများသည် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ယာဉ်ယန္တရားစက်ကိရိယာပစ္စည်းများ အသင့်စုဖွဲ့ပြင်ဆင်ထားမှု၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးပြင်ဆင်စုဖွဲ့ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင်ဝင်းတို့ဦးဆောင်၍ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်၊ စည်ပင် အစရှိသော ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်မတော်သားများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၅၀ ဦးခန့်သည် ယာဉ်ယန္တရား ၃၆ စီး ဖြင့် မုန်တိုင်းသတင်းလက်ခံရရှိသည်နှင့် ရှာဖွေကယ်ဆယ်ရေးအတွက်စုဖွဲ့ပြင်ဆင်ခြင်း၊ ကွပ်ကဲမှုရုံးနှင့် အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်မှုစင်တာဖွင့်လှစ်ခြင်း၊ ဆက်သွယ်ရေးစနစ်ထူထောင်၍ သတင်းများဖြန့်ဝေခြင်းနှင့် သတင်းရယူခြင်း၊ မုန်တိုင်းသတင်းလိုက်လံနှိုးဆော်သတိ ပေးခြင်း၊ ဘေးလွတ်ရာနေရာများသို့အရေးပေါ်ရွှေ့ပြောင်းမှုနှင့် ထိခိုက်ဒဏ်ရာ ရသူများကို ကယ်ဆယ်ကုသခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများစမ်းသပ်သရုပ်ပြခြင်း အစရှိသော မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို သရုပ်ပြခဲ့ကြသည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)