မင်းဘူး မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထပ်စောင်းကာကွယ်ဆေးများ ထိုးနှံပေးနေမှုများကို ဦးစွာ ကြည့်ရှုစစ်ဆေး ခဲ့သည်။
ထို့နောက် မင်းဘူးခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ သဘာဝဘေးနှင့်ပတ်သက်၍ ဆက်သွယ်ရေးကွန်ယက် တပ်ဆင်ထားရှိမှု၊ ပစ္စည်းသိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်းစာရင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ သိုလ်လှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မန်းရေနံမြေဝင်း အတွင်း အလျားပေ (၄၀)၊ အနံပေ (၂၀)ရှိ လူ(၈၀)ဦးခန့်ဝင်ဆံ့သော သဘာဝဘေးယာယီကယ်ဆယ်ရေးစခန်းများ၌ အသုံးပြုသည့်ရွက်ဖြင်တဲ စမ်းသပ်တပ်ဆင် အသုံးပြု ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)