ပြည် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ ယနေ့နံနက် ၈နာရီအချိန်က လူစည်ကားရာနေရာဖြစ်သော ပြည်မြို့လမ်းမတော်လမ်း ဗဟိုမီးသတ်ရုံးရှေ့နှင့် ဗိုလ်ချုပ်လမ်း ကိုးသောင်းဈေးရှေ့တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံန်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးသွားဈေးလာများနှင့် ခရီးသွားပြည်သူများအား မုန်တိုင်းအန္တရာယ်အသိပေးကြေငြာခြင်း၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မီးဘေးစသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါဖြန့်ဝေခဲ့သော မုန်တိုင်းဘေး အသိပညာပေးလက်ကမ်းစာစောင်နှင့် လေပြင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များတွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးရှောင်ရှားသင့်သည့် အချက်များပါဝင်ပြီး လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်တွင် လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် မိုးသီးကြွေခြင်း၊ မိုထစ်ချုန်းရွာခြင်းဖြစ်ပေါ်ပါက သတိပြုလိုပ်နာရန်အချက်များ ပါဝင်ကြောင်း သိရသည်။
ကိုစိုး(ပြည်)