ရေတာရှည် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေးအတွက် မုန်တိုင်းဘေး၊ လေပြင်းဘေး ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈)နာရီအချိန်ခန့်က လူစည်ကားရာနေရာ ရန်ကုန်-မန္တလေး လမ်းမဘေး ကရင်ချောင်းလမ်းထိပ်တွင် လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များက မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်နှင့်ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းအန္တရာယ် သတိပေးစနစ်များ၊ ကြိုတင်ပြင်ဆင်ရမည့်အချက်များ ပါဝင်သည့် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များနှင့် လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရန် အချက်များ၊ လေပြင်းတိုက်ခတ်ပြီးနောက် ဆောင်ရွက်ရန်အချက်များပါဝင်သည့် လေပြင်းဘေးပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ရေတာရှည်(ပြန်/ ဆက်)